Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၈)

A+ A-

တစ်ရွာလုံးရဲ့ အချစ်ဆုံးလေး ပစ်တိုင်းထောင် ထိပ်တုံးကနေလွတ်ပြီး နှစ်ပတ်မြောက်သည်အထိကို ရွာထဲကနေ အလှည့်ကျ တစ်အိမ်ကို ဟင်းတစ်ခွက်နှုန်းနဲ့ သူကြီးအိမ်ကို လာပို့နေကြဆဲဖြစ်သည်။

မယ်တင့်အမေ ဒေါ်တူးစိန်ကြီးကဆို ဘူးသီးနှစ်စိတ်ခိုးလို့ ဆရာတော်ကိုတိုင်တာ သူမဟုတ်ပဲ လူစားထိုးခံလိုက်ရတဲ့အတိုင်း ပစ်တိုင်းထောင်အတွက် နေ့တိုင်း ဟင်းပို့ပေးပြီး သား သားနဲ့ ပါးစပ်ကကို မချ။ မညိုမြကြီးကလည်း ထန်းတောကနေ ထန်းရည်နဲ့ ကြွက်ကြော်ကို လာလာပို့တာများ နေ့စဉ် မပြတ်လပ်စေရ။

ပစ်တိုင်းထောင်ကတော့ ပြဿနာမရှိပေမယ့် မညိုမြကြီးနဲ့ မယ်တင်တို့သားအမိ သူကြီးအိမ်ကိုရောက်ရောက်လာတိုင်း တည်တင်းနေတတ်တဲ့ ရွှေဒင်္ဂါးမျက်နှာကြောင့် မနေနိုင်တဲ့ ပစ်တိုင်းထောင်ကပဲ ငေါက်လွှတ်ပြီး ငြင်းရသည်အထိ။

အဲ့လိုကျတော့လည်း ကိုရွှေဒင်္ဂါးလေးကို ပစ်တိုင်းထောင်က သူများကစေတနာနဲ့ပို့တာပဲ ဘာညာနဲ့ တရားပြရသေးသည်။ သို့ပေမယ့်လည်း ရွှေဒင်္ဂါးက ပြုံးမနေရင် မနေတတ်တာက ပစ်တိုင်းထောင်မလို့ ရွှေဒင်္ဂါးလေးရဲ့ မျက်နှာရိပ်မျက်နှာကဲကိုကြည့်ပြီး ပစ်တိုင်းထောင်က တစ်ရွာလုံးနဲ့ဇာတ်လမ်းပြတ်တော့သည်။

” ဒင်္ဂါးရေ … ပစ်တိုင်းထောင် … ခွေးပု … အိမ်မှာရှိကြလား ”

” အိမ်ထဲမယ် ဘမော် … ဝင်ခဲ့ချေ “

အိမ်ထဲက ကွပ်ပျစ်ပေါ်မှာ နေ့လယ်စာထမင်းစားနေကြရင်း ခြံရှေ့က ကိုဘမော်အသံကြောင့် သူကြီးက အသံပေးလိုက်သည်။

” ဟာ . ထမင်းစားနေကြတာလား … စား စား သူကြီး … ကျုပ်စောင့်နေမယ် “

” အေး အေး … “

ဧည့်သည်က ရောက်တော့လည်း ရောက်လာပြီမလို့ ဧည့်ဝတ်ကျေတဲ့ အစ်မငွေမှုန်က ထမင်းစားနေရာကနေ ချက်ချင်းထလို့ ရေနွေးကြမ်းနဲ့ ထန်းလျက်ခဲတွေကို ဘမော်အနား အပြေးသွားချသည်။

ရွှေဒင်္ဂါးကတော့ ဘယ်အချိန်နေနေ အစ်မကို တိုသူမလို့ အစ်မငွေမှုန်သွားရာနောက်ကို ထမင်းစားနေရင်း မျက်လုံးလေးတွေက ပါသွားသေးတာ။ ရွှေဒင်္ဂါးကို အရိပ်တကြည့်ကြည့်လုပ်နေတဲ့ ပစ်တိုင်းထောင်ကတော့ ထိုအပြုအမူလေးကိုကြည့်ပြီး အသည်းခိုင်လေးက တလှုပ်လှုပ်ရယ်။

” ကဲ … ဘာကိစ္စရှိသလဲ ဘမော် “

ထမင်းအရင်စားလို့ပြီးသွားတဲ့ သူကြီးက လက်ဆေးလို့ အိမ်ရှေ့ကို ထွက်သွားသည်။ အစ်မငွေမှုန်ကလည်း ထသွားပြီမလို့ ထမင်းဝိုင်းမှာ ရွှေဒင်္ဂါးနဲ့ ပစ်တိုင်းထောင်တို့ ဆရာတပည့်နှစ်ယောက်သာ ကျန်ရစ်နေခဲ့သည်။

” ထမင်းစားတာ ကြာလိုက်တာ ပစ်တိုင်းထောင် … အစ်မငွေမှုန်ချက်ထားတာကို ခံတွင်းမတွေ့လို့လား “

ပစ်တိုင်းထောင်ကို အကဲခတ်သလိုကြည့်ရင်း မေးလာတဲ့ ရွှေဒင်္ဂါးကြောင့် ခေါင်းကို ခပ်သွက်သွက်ရမ်းလိုက်သည်။

ပစ်တိုင်းထောင်မှာဖြင့် နေ့လယ်စာကိုပင် အာရုံမရ။ အခုတလော ဝေခွဲမရဖြစ်နေတဲ့ရင်ခုန်သံညွှန်ကြားချက်အရ ရရင်ရသလို ကိုရွှေဒင်္ဂါးလေးဆီ အကြည့်ပို့ရင်း မိမိကိုယ်မိမိအတည်ပြုနေရသည်။

သာမန်အချိန်ဆို ပစ်တိုင်းထောင်ကို မျက်လုံးချင်းတောင်မဆုံတဲ့ ကိုရွှေဒင်္ဂါးလေးကတော့ သူဘာဖြစ်နေမှန်း မသိပါဘူး။ ရွှေဒင်္ဂါးသိတာက ပစ်တိုင်းထောင် ထမင်းမစားရင် ဟင်းမကောင်းလို့လားပဲ မေးဖို့သိတာ။

” ဟင် . စားလို့ပြီးပြီလား ရွှေဒင်္ဂါး “

” ပြီးပြီလေ ပစ်တိုင်းထောင်ရဲ့ … ကိုဘမော်လည်း ရောက်နေတာဆိုတော့ ဘာပြောမလဲ မသိဘူး … အဘနား သွား‌နားထောင်မလို့လေ “

” အဲ့တာဆို စောင့်ဦးလေ … တူတူသွားမယ် နေဦး “

ပစ်တိုင်းထောင်က ပြောလဲပြော ပန်းကန်ထဲက လက်ကျန်ထမင်းလုတ်ကို ပါးစပ်ထဲ အတင်းထိုးသွပ်သည်။ ဒင်္ဂါးမှာလည်း ပစ်တိုင်းထောင်အနား ထမင်းပန်းကန်းလေးကိုင်လို့ ထိုင်စောင့်နေရသည်။ ဒီခြံဝင်းထဲမှာပဲမို့ ပြီးရင် အနောက်ကလိုက်ခဲ့လေလို့ ပြန်ပြောချင်ပေမယ့် တစ်ခွန်းဆိုတစ်ခွန်း အထွန့်ပြန်တက်ရင်မကြိုက်တဲ့ ပစ်တိုင်းထောင်ကြောင့် ဒင်္ဂါးက ငြိမ်နေလိုက်သည်။

ဘေးမှာ ဒူးတစ်ဖက်ထောင်လို့ ထမင်းစားနေတဲ့ ခွေးပုကတော့ ဆျာထောင့်ကို မျက်စောင်းတခဲခဲ။ မိကဲတို့က ဆျာထောင့်ကိုပြောဆိုနေတာလည်းမမှား။ ကိုဒင်္ဂါးကို ကြက်မကြီး ကြက်ဥဝပ်ထားသလို လိုက်ကပ်နေတယ်ပြောတာလည်း မပြောနဲ့။ ဆျာထောင်ကိုယ်တိုင်က ကိုဒင်္ဂါးကိုဆိုရင် သည်းကဲနေတာ။ သူ့သမီးတွေကိုတောင် ထိုလောက်မဟုတ်။

” ပေး . ပန်းကန် … “

ဒင်္ဂါးမှာ ပြန်ပြောချိန်ပင် မရလိုက်။ ပစ်တိုင်းထောင်က ဒင်္ဂါးလက်ထဲက စားပြီးသားပန်းကန်ကို ဆွဲယူသွားပြီး အိမ်နောက်ဖေးက ပန်းကန်ဆေးတဲ့နေရာမှာ ခပ်သွက်သွက်သွားဆေးသည်။

ခွေးပုမှာဆို ထမင်းတောင် ဆက်မစားနိုင်ပဲ ပါးစပ်ကြီးအဟောင်းသား။ မှတ်တမ်းတင်ထားလို့ မရရင်‌တောင် အခုမြင်ကွင်းကို ဖြစ်နိုင်ရင် မြို့က မြို့အုပ်မင်းနဲ့ မင်းကတော်လေးကို ခေါ်ပြီးတော့တောင်မှ ပြချင်ရဲ့။

” သွားမယ် … “

ပန်းကန်ဆေးရာကနေ ထလာပြီး ပုဆိုးကို ပြန်ဖြန့်ကာ ပြင်ဆင်ဝတ်နေတဲ့ ပစ်တိုင်းထောင်က သူကပဲ ဦးအောင် အိမ်ရှေ့ထွက်သွားတာမလို့ ဒင်္ဂါးလည်း ကွပ်ပျစ်ပေါ်ကဆင်းပြီး အိမ်ရှေ့ကို လိုက်ရတော့သည်။

” ကိုဘမော် … ဘာရှိလို့ ရောက်လာတာတုန်း “

ပစ်တိုင်းထောင်ကအသံကြောင့် စကားပြောနေကြတဲ့ ဘမော်နဲ့ သူကြီးက လှည့်ကြည့်လာသည်။ ပစ်တိုင်းထောင်ကလည်း ပြောရင်း ကွပ်ပျစ်ပေါ်မှာ ဝင်ထိုင်သလို ဒင်္ဂါးကတော့ ဘေးနားက ထန်းလက်ကုလားထိုင်လေးကို ဆွဲယူလို့ အစ်မငွေမှုန်ဘေးမှာ ဝင်ထိုင်လိုက်သည်။

” အော် … ရွာရဲ့ ဓလေ့အတိုင်း ဆွမ်းဆန်စိမ်းအလှူခံ ထွက်ကြမလို့လေ . သူကြီးကို လာပြီးအသိပေးတာ … နက်ဖြန်ခါကနေစပြီး ထွက်ကြတော့မလို့ “

” အမ် … ဂေါ်ဆွမ်းထွက်ကြတော့မှာလား “

” အေးပေါ့ . ပစ်တိုင်ထောင်ရ ”

ပစ်တိုင်းထောင်ရဲ့ မျက်လုံးတွေက အရောင်လက်သွားသလို လူကလည်း တက်တက်ကြွကြွဖြစ်သွားသည်။ ဂေါ်ဆွမ်းသာထွက်ရင် ပစ်တိုင်းထောင်က လိုက်မယ်ပြောထားပြီးသားမလို့ ကိုဘမော်တို့ကတော့ ခေါ်မှာဖြစ်သည်။

” ဘယ်နေ့တွေထွက်ကြမှာလဲ ကိုဘမော် “

” နေ့တိုင်းပဲလေ ပစ်တိုင်းထောင်ရဲ့ … ကဆုန်လတစ်လလုံး . ရွာမှာ အလှူခံလို့ပြီးရင်လည်း တစ်ဖက်ရွာတွေပါသွားပြီး အလှူခံထွက်မှာ “

” ဟ ! နေ့တိုင်းကြီးကျတော့ ဘုန်းကြီးကျောင်းမယ် ဆန်ဆီတွေကို ပိုလျှံမနေဘူးလား “

ပစ်တိုင်းထောင်ရဲ့ ဘုကန့်လန့်စကားကြောင့် ကို‌ဘမော်နဲ့ သူကြီးက ရယ်သည်။ တစ်ဖက်က ထန်းလက်ကုလားထိုင်လေးမှာ ထိုင်နေတဲ့ ရွှေဒင်္ဂါးကို လှမ်းကြည့်လိုက်တော့လည်း ပြုံးနေတာမလို့ အပြုံးလေးမြင်ရတော့လည်း နေပူပူမှာ ပစ်တိုင်းထောင်ရင်ထဲ ခပ်အေးအေးရယ်။

” အဲ့တာ ဆရာတော်နဲ့ သူကြီးရဲ့ အစီအစဉ်လေ … ကဆုန်လဆိုရင် တစ်လလုံးလုံး အလှူခံပြီး လေးစုရွာထဲမယ် ရှိသမျှ သက်ကြီးရွယ်အို‌အိမ်တွေနဲ့ ချို့တဲ့တဲ့အိမ်တွေကို ပြန်ပြီး ခွဲလှူပေးတာ … ကျန်တဲ့လတွေမှာတော့ တစ်ပတ်ကိုတစ်ကြိမ်ပဲ ဆွမ်းဆန်စိမ်းအလှူခံထွက်တာ “

ပစ်တိုင်းထောင်က ကိုဘမော် ရှင်းပြတာကြောင့် သဘောပေါက်သွားဟန် ခေါင်းညိတ်ပြလိုက်သည်။ ဂေါ်ဆွမ်းလိုက်မယ် ပြောထားပေမယ့် ဒီအကြောင်းအရာတွေတော့ မေးမထားမိတာကြောင့် အခုမှသိတာပင်ဖြစ်သည်။

” ကာလသားတွေနဲ့ အပျိုအုပ်စုတွေကိုတော့ နေ့ရက်အလိုက် အလှူခံကြဖို့ အသင်းခွဲပြီးပြီ … မင်းတို့ဆရာတပည့်နဲ့ ဒင်္ဂါးတို့ မောင်နှမလည်း ဘယ်နေ့တွေလိုက်မလဲ လာမေးတာ “

” ဘယ်နေ့ဖြစ်ဖြစ်လိုက်လည်း ရတယ်ပေါ့ “

” နေ့တိုင်းလိုက်တောင် ရတယ် “

ကိုဘမော်က ရယ်ကျဲကျဲနဲ့ ပြန်ဖြေသည်။ ပစ်တိုင်းထောင်က တစ်ချက်စဉ်းစားသလိုလုပ်ရင်း နားထင်ကို လက်ညှိုးနဲ့ကုတ်လိုက်သည်။ စဉ်းစားနေရင်း အတွေးပေါက်သွားကာ ရွှေဒင်္ဂါးရှိရာကို မျက်လုံးလှန်ကြည့်လိုက်တော့ ရွှေဒင်္ဂါးကလည်း ပစ်တိုင်းထောင်ကို လှမ်းကြည့်နေသည်။

” ဒါဖြင့်ရင် ကျုပ် … ဗုဒ္ဓဟူးနေ့နဲ့ စနေနေ့တွေမယ် ဂေါ်ဆွမ်းလိုက်မယ် “

” ဟုတ်ပြီ … အဲ့တာဆိုရင် ဒင်္ဂါးတို့ မောင်နှမတွေကရော “

” ဪ … ဒင်္ဂါးတို့ မောင်နှမတွေ လုပ်မနေပါနဲ့ ဘမော်ရယ် … ပစ်တိုင်းထောင်တို့နဲ့ အတူတူသာ လိုက်ခိုင်းလိုက်ချေတော့ … တစ်အိမ်ထဲနေနေကြတာကို ခွဲသွားမနေတော့နဲ့ “

” ဟုတ်ကဲ့ သူကြီး … အဲ့ဒါဖြင့် ပြန်လိုက်ဦးမယ် သူကြီး … စနေနဲ့ ဗုဒ္ဓဟူးနေ့တွေဆိုရင်တော့ စုရပ်ဖြစ်တဲ့ ဆရာတော့်ကျောင်းကို လွှတ်ပေးဦးနော် သူကြီး “

ဒင်္ဂါးတို့မှာ ဘာမှပင်ပြန်မဖြေလိုက်ရ။ အဘနဲ့ ကိုဘမော်တို့သာ လေပေးဖြောင့်ပြီး ဒင်္ဂါးတို့က ဂေါ်ဆွမ်းကို စနေနေ့နဲ့ ဗုဒ္ဓဟူးနေ့တွေမှာလိုက်ဖို့ ဖြစ်သွားသည်။ ကိုဘမော်ကလည်း ပြန်သွားပြီမလို့ အဘကလည်း နေ့လယ်ခင်း တစ်ရေးအိပ်ဦးမယ်ဆိုကာ အိမ်အပေါ်ထပ်ကို တက်သွားသည်။ အစ်မငွေမှုန်ကလည်း ပါသွားတာကြောင့် အိမ်ရှေ့မှာ ပစ်တိုင်းထောင်နဲ့ ဒင်္ဂါးသာ ကျန်ရစ်နေခဲ့သည်။

” တစ်ပတ်ကိုနှစ်ရက်‌တောင်မှ လိုက်မယ်ပေါ့ … ပစ်တိုင်းထောင်က တော်လိုက်တာ … ဂေါ်ဆွမ်းလိုက်တာက တစ်နေကုန်နီးပါးဆိုတော့ နေပူပူနဲ့ အရမ်းပင်ပန်းတာမလို့ ကျွန်တော်တို့ဆို တစ်ရက်ပဲလိုက်တာ “

” ဟမ် … အရမ်းပင်ပန်းတာလား … အဲ့တာဆို ခင်ဗျားနေခဲ့ . မလိုက်နဲ့ “

” အယ် . အဲ့ . အဲ့လိုတော့လည်း မဟုတ်ပါဘူး … ပစ်တိုင်းထောင်ရဲ့ စိတ်အားထက်သန်တာကို ပြောပြတာပါ . မလုပ်ဖို့ပြောတာ မဟုတ်ဘူးလေ “

” အင်းလေ . ကျုပ်ကလည်း ခင်ဗျားကို ဒီတိုင်းပြောတာပဲ ရွှေဒင်္ဂါး … မလိုက်နဲ့ဆိုတာ ကျုပ်တို့က တူတူသွားမှာပဲကို . မလိုက်လည်း ဘာမှမဖြစ်ဘူး “

အဲ့လိုဆိုတော့လည်း ခေါင်းလေးကို တွင်တွင်ရမ်းတဲ့ ရွှေဒင်္ဂါးကြောင့် ပစ်တိုင်းထောင်က ရယ်လိုက်မိသည်။ ရွှေဒင်္ဂါးလေး မလိုက်လည်း ဘာမှမဖြစ်ပါဘူး။ စနေနေ့အတွက် ဂေါ်ဆွမ်းလိုက်သမျှ ကုသိုလ်တွေက ပစ်တိုင်းထောင်ရဲ့စနေနဂါးပေါက်လေး အတွက်ပဲသာမလို့။

>>>>>>>>>>

” ကဲ ကဲ … ခမောက်တွေ အကုန်ယူဆောင်းကြနော် . တစ်နေကုန် တစ်နေခမ်းသွားရမှာ နေပူတယ် “

ကိုဘမော်က လက်ထဲက ဝါးခမောက်တွေကို ဂေါ်ဆွမ်းလိုက်မယ့် လူတစ်ယောက်ချင်းစီကို ကမ်း‌ပေးရင်း ပါးစပ်ကနေလည်း တတွတ်တွတ်ပြောသည်။ စုရပ်ဖြစ်တဲ့ ဆရာတော်ကျောင်းဝန်းထဲမှာ ဆွမ်းဆန်းစိမ်း အလှူခံအဖွဲ့က လူစုံရောက်နေပြီဖြစ်သည်။

” နေအရမ်းမမြင့်ခင် ထွက်ကြတာပေါ့ … စောစောပြီးတော့လည်း စောစောနားရတယ် “

အစ်မငွေမှုန်တို့ အမျိုးသမီးအဖွဲ့က အလှူခံလို့ရသမျှ ပစ္စည်းတွေကိုတင်မယ့် လှည်းပေါ်ကနေ အရင်လိုက်သွားကြသလို ပစ်တိုင်းထောင်တို့ကလည်း သာထင့်လှည်းပေါ်ကနေ လိုက်သည်။ ခွေးပုကတော့ အစ်မငွေမှုန်တို့လှည်းပေါ်မှာ မယ်တင်ပါတာကြောင့် လှည်းမောင်းသမားဘေးကနေ ထိုင်လိုက်သွားသည်။

” ရွှေဒင်္ဂါးရေ … နိဗ္ဗာန်ဆော်လုပ်ပါဦး “

” ဟုတ်ကဲ့ ကိုဘမော် “

ဆရာတော်နဲ့ အဘ‌တို့က ဆွမ်းဆန်စိမ်းအဖွဲ့အတွက် နွားလှည်းတွေ စီစဉ်ပေးထား‌တာကြောင့် လမ်းလျှောက်ရတာကတော့ သက်သာသည်။ အစကတော့ ပစ်တိုင်းထောင်က ဆွမ်းဆန်စိမ်းတင်တဲ့ လှည်းနဲ့လိုက်မလို့ပေမယ့် ရွှေဒင်္ဂါးက နိဗ္ဗာန်ဆော်လုပ်မှာမလို့ အသံချဲ့စက်တင်ထားတဲ့ လှည်းကိုပြောင်းသွားတာကြောင့် ပစ်တိုင်းထောင်က‌လည်း ရွှေဒင်္ဂါးနဲ့ အတူတူလိုက်သည်။

” ရပ်ရွာအတွင်း နေထိုင်ကြကုန်သော ဒါနပါရမီရှင် အလှူရှင်‌အပေါင်းတို့ မင်းကန်ရိုးရွာရဲ့ နှစ်စဉ် ဓလေ့ဖြစ်‌တဲ့ ကဆုန်လမှာ လှူဒါန်းရန်အတွက် ဆွမ်းဆန်စိမ်းအလှူခံ … “

ဆွမ်းဆန်စိမ်းအလှူခံအဖွဲ့ကတော့ ဆရာတော်ကျောင်းကနေထွက်လာပြီး တရွေ့ရွေ့နဲ့ အလှူခံနေပြီဖြစ်သည်။ တစ်လမ်းဝင်တစ်လမ်းထွက်တိုင်း အသံကြည်ကြည်လင်လင်လေးနဲ့ မမောနိုင်မပန်းနိုင် နိဗ္ဗာန်ဆော်လုပ်နေတဲ့ ရွှေဒင်္ဂါးကိုကြည့်လို့ ပစ်တိုင်းထောင်က ပြုံးမိသည်။

ရွာထဲရောက်တော့ လှည်းပေါ်ကချည်း နေလို့လည်း မကောင်းတာကြောင့် လှည်းမောင်းသမားတွေနဲ့ ရွှေဒင်္ဂါးကလွဲလို့ ပစ်တိုင်းထောင်တို့က လမ်းဆင်းလျှောက်ရင်း အလှူခံသည်။ ထိုအချင်းအရာကြောင့်လည်း ပစ်တိုင်းထောင်မှာ ရွှေဒင်္ဂါးကို နိဗ္ဗာန်ဆော်လုပ်ခိုင်းထားတဲ့ ကိုဘမော်ကိုတောင် စိတ်ထဲကနေကြိတ်ပြီး ကျေးဇူးတင်မိသည်အထိ။

” ဟယ် ဒင်္ဂါးလေး … မတွေ့‌တာတောင် ကြာပြီကွယ် … ဘယ်တွေပျောက်နေသလဲ လူကလေး “

ပစ်တိုင်းထောင်တို့ တစ်ဖက်ရွာကိုသွားဖို့ ရွာထိပ်အရောက် အဖွားတစ်ယောက်ရဲ့ခေါ်သံကြောင့် အကုန်လုံးက ရပ်လိုက်ကြသည်။ ရွှေဒင်္ဂါးကလည်း လှည်းပေါ်ကနေ ခုန်ဆင်းသွားတာများ လွှားခနဲ။

စိုးရိမ်စရာမဟုတ်ပေမယ့် ပစ်တိုင်းထောင်ဖြင့် ရွှေဒင်္ဂါးက လှည်းပေါ်ကနေ တစ်ချက်အခုန်ကို ပစ်တိုင်းထောင်နှလုံးသားပေါ် ခုန်ချသွားတဲ့အတိုင်း။ ပြုတ်ကျမှဖြင့် ပစ်တိုင်းထောင်တို့ ရွှေဒင်္ဂါး‌လေးနဲ့သာညားရင် ဘယ်သွားသွားပွေ့ချီသွားရ‌ဦးမယ်။ ရွှေဒင်္ဂါးက တကယ်ကို ခက်ပါတယ်။ ကိုယ့်အတွေးနဲ့ကိုယ် ‌ပြုံးလိုက်မိရင်း ပစ်တိုင်းထောင်က လက်ထဲ ငွေဖလားကိုပိုက်ကာ ရွှေဒင်္ဂါးသွားရာနောက်ကို လိုက်သွားလိုက်သည်။

” ဟိုတစ်နေ့တုန်းကပဲ ရွာထိပ်မယ် အဖွားကို ထင်းကူသယ်ပေးခဲ့သေးတယ်လေ အဖွားငွေရဲ့ … မေ့တတ်ပြန်ရော “

” ဟေ . ဟုတ်သလား … ဖွားက အသက်ကြီးတော့ မေ့ပြီကွယ် … အဟေး . လာပါဦး . ဂေါ်ဆွမ်းလား … အဖွားလောင်းဦးမယ် “

အဖွားငွေက သားသမီးကံကလည်း ကောင်းသူမလို့ အိုဇာတာကလည်း ကောင်းရှာသည်။ အလှူအတန်းကလည်း ရက်ရောရှာသူမလို့ အဖွားငွေကိုဆို တစ်ရွာလုံးကလည်း ချစ်ရှာသည်။

” ပစ်တိုင်းထောင်ရေ . ဒါလေး သယ်ပါဦး “

” လာပြီ လာပြီ … “

ရွာထဲက ဆန်စက်ပိုင်ရှင်သူဌေး ဦးသာဝကလည်း ဆန်အိတ်တွေကို အိတ်နှစ်ဆယ်လှူလိုက်တာမလို့ ပစ်တိုင်းထောင်တို့အဖွဲ့မှာ သယ်ရတာလည်း လက်မလည်။ နွေပူပူမလို့ ချွေးပြိုက်ပြိုက်ကျရင်း ဆန်အိတ်တွေကို သယ်နေရပေမယ့် ပစ်တိုင်းထောင်မှာ အပြုံးနဲ့နှုတ်ခမ်းနဲ့က မပြတ်။ အဖွား‌ငွေနဲ့ စကားပြောနေရင်း တစ်ချက်တစ်ချက် ပျံ့လွင့်လာတဲ့ ရွှေဒင်္ဂါးရဲ့ အသံချိုလေးကြောင့် အမောကပြေရသေးသည်။

ရွှေဒင်္ဂါးလေးက ချိုသာယဉ်ကျေး အလိမ္မာရွှေရင်အေးကလေးရယ်။

” အဲ့တာဖြင့် နောက်တစ်ပတ်မှ လာတော့မှာလား ဒင်္ဂါးလေး “

” လာမယ့် စနေနေ့ကျရင် လာဦးမှာ ဖွားငွေရဲ့ … ဗုဒ္ဓဟူးနေ့နဲ့ စနေနေ့တိုင်း ထွက်ဖို့လုပ်ထားကြတာ “

” ဪ … ဒါနဲ့တော် . ဟိုကလေးကမြို့အုပ်မင်းရဲ့ ညီကလေးမလား … သူလည်း လိုက်တာပဲလား “

” သူက တက်ကြွနေတာပဲလေ အဖွားငွေရဲ့ … အခုလို ဆွမ်းဆန်စိမ်းခံဖို့ နှစ်ရက်လိုက်တာ‌ ပစ်တိုင်းထောင်ကြောင့်လေ “

အဖွားငွေက ဆန်အိတ်သယ်နေတဲ့ ပစ်တိုင်းထောင်တို့ကို လှမ်းကြည့်ရင်း ပါးစပ်ကလည်း အဖွဖွ သာဓုခေါ်ရှာသည်။ ဒင်္ဂါးမှာတော့ နေပူပူထဲ ဆန်အိတ်ထမ်းနေတဲ့ ပစ်တိုင်းထောင်ကိုကြည့်ကာ ပီတိဖြစ်ရသလို အသနားကလည်းပိုသည်။ ပစ်တိုင်းထောင်ခမျာ ရွာမှာပျော်ပြီး သံယောဇဉ်ကလည်း ရှိရှာတာမလို့ ထိပ်တုံးအခတ်ခံလိုက် ဆန်အိတ်ထမ်းလိုက်နဲ့ ပေကပ်ပြီး နေရှာသေးတာ။

>>>>>>>>>>

” ရွှေဒင်္ဂါးရော … ရွှေဒင်္ဂါးကို တွေ့‌မိသေးလား ကိုဘမော် “

” မတွေ့ဘူးလေ ပစ်တိုင်းထောင်ရဲ့ . ဘာလို့လဲ “

” ခုနကလေးတင် ကျုပ်နဲ့ ညောင်ရေအိုးတွေ အတူသယ်နေတာဗျ … လှစ်ခနဲပဲ ဘယ်ပျောက်သွားသလဲ မသိဘူး “

” ရှိမှာပါ ပစ်တိုင်းထောင်ရယ် . ‌ဒင်္ဂါးက ပျောက်ရအောင် ကလေးလား “

ဘမော်ကိုပင် ပြန်မဖြေပဲ ဟိုကြည့်ဒီကြည့်နဲ့ပတ်ရှာရင်း ထွက်သွားတဲ့ ပစ်တိုင်းထောင်ကိုကြည့်ရင်း ဘမော်က ခေါင်းရမ်းလိုက်မိသည်။ လိုက်ရှာနေတာများ မိကဲတို့ပြောသလိုပင် ကြက်မကြီး ကြက်ဥဝပ်ထားရင်း ပျောက်သွားလို့ လိုက်ရှာနေတဲ့အတိုင်း။

” ဘမော်ရေ … ပစ်တိုင်းထောင်ရော “

” လာပြန်ပြီ နောက်တစ် … အဲ . ဆရာတော်ဘုရား “

ဘမော်က ရန်တွေ့မလို့ပြင်လိုက်ပေမယ့် အမေးရှိသူက ဆရာတော်ဖြစ်နေတာကြောင့် ဇက်ပုလို့ ခပ်သွက်သွက်ပင် လက်အုပ်ချီလိုက်ရသည်။

” ပစ်တိုင်းထောင်က ဒင်္ဂါးကို သွားရှာနေတယ် ဘုရား “

” ဟေ . ဒင်္ဂါးက ဘယ်သွားသလဲ “

” မသိပါဘူး ဘုရား “

ဆရာတော်က ဘမော်ကို မျက်စောင်းခဲသည်။ ဘမော်ကဖြင့် ညောင်ရေသွန်းပွဲအတွက် ရောက်လာသမျှ ရွာသူရွာသားတွေကို တန်းစီနေရာချပေးနေရတာနဲ့တင် မအားတဲ့ဟာ မသိရင် ဘမော်ကပဲ ပစ်တိုင်းထောင်နဲ့ ရွှေဒင်္ဂါးကို ဝပ်ထားရမယ့် ကြက်မကြီးကျလို့။

” ကဲ . ပစ်တိုင်းထောင်နဲ့ ဒင်္ဂါးကိုတွေ့ရင် ငါ့ဆီလွှတ်ချေဦး “

” တင်ပါ့ “

ဆရာတော်က ဘမော်အနားကနေ ထွက်သွားပြီဖြစ်သည်။ ညောင်ရေသွန်းဖို့ အချိန်ကလည်း နီးကပ်နေပြီဖြစ်သည်။ ကာလသား၊ ကာလသမီးပျိုလေးတွေနဲ့ ညောင်ရေသွန်းမယ့် လူကြီးသူမတွေအပါအဝင် ကလေးငယ်လေးတွေကလည်း ညောင်ရေအိုးလေးတွေကိုယ်စီနှင့်။ ရေသွန်းမယ့် ညောင်ပင်ကလည်း ဘုန်းကြီးကျောင်းဝင်းထဲမှာမလို့ လူကလည်း တစ်ရွာလုံးနီးပါးမလို့ စည်ကားနေသည်။

” ရွှေဒင်္ဂါး …! အဲ့တာ ဘာလုပ်နေပြန်တာလဲ … တက်ပြန်ပြီလား အမြင့်တွေ “

” ပစ်တိုင်းထောင် ~ ဟို ငါက “

” ဆျာထောင်ရယ် . ဒီမယ် လုပ်လက်စ တန်းလန်းကြီးကို “

ပစ်တိုင်းထောင်မှာတော့ အသည်းအသန်ရှာလိုက်ရတာ။ ရွှေဒင်္ဂါးကတော့ သာသနာ့အလံတွေ ချည်ထားတဲ့နေရာမှာ အမြင့်ကိုတက်လို့ အလံတွေကို ပြန်ပြင်နေသည်။ အမြင့်နေရာမှာဖြစ်တာကြောင့် အောက်က စားပွဲအမြင့်တစ်လုံးကို ခုထားကာ အပေါ်မှာလည်း ထိုင်ခုံအမြင့်ကလည်း တစ်ဆင့်။

အောက်မှာတော့ ခွေးပုက ခုံတွေကို ထိန်းကိုင်ထားပေးပေမယ့် ရွှေဒင်္ဂါးကတော့ ခုံနှစ်လုံးဆင့်ထားတဲ့ အမြင့်မှာဖြစ်သည်။ မတော်လို့များ ပြုတ်သာကျလိုက်ရင် ဘယ့်နှယ့်လုပ်မလဲ။ ပစ်တိုင်းထောင်က ရွှေဒင်္ဂါးတို့အနားကို ခပ်သွက်သွက်ပြေးသွားလိုက်ရင်း ခွေးပုကိုတွန်းကာ ခုံပေါ်က ရွှေဒင်္ဂါးကို ဆွဲချလိုက်သည်။

” ဆင်း . ဆင်း . ခင်ဗျားဆင်းစမ်း … အမြင့်တွေကို တက်ချင်တိုင်း တက်နေပြန်ပြီ ခင်ဗျား . သေချင်နေတာလား “

” အဲ့လိုတော့လည်း မဟုတ်ပါဘူး . ငါက “

” ပါးစပ်ပိတ် … ခွေးပု မင်းကလည်း မင်းကိုယ်တိုင်တက်တော့ ဘာဖြစ်မှာမလို့လဲ ဟမ် “

ခုံပေါ်ကနေ ဆင်းဆင်းချင်း ပစ်တိုင်းထောင်က ဆီးဟောက်တာကြောင့် ဒင်္ဂါးမှာ မျက်နှာငယ်လေးနဲ့ ငြိမ်နေရသည်။ ပါးစပ်ကလည်း ခွေးပုကိုဆူငေါက်နေပြန်ရင်း လက်ကလည်း နားရင်းလှမ်းရိုက်နေပြန်တာကြောင့် ဒင်္ဂါးမှာ တားရသေးသည်။

” ဆျာထောင်ကလည်း ဘယ်သူတက်တက်ပေါ့ . အောက်ကနေလည်း ထိန်းထားပေးတာပဲကို … အစက ကျွန်တော်လည်း တက်မလို့ပါ . ကိုဒင်္ဂါးကဖြင့် စိတ်မြန်လက်မြန်နဲ့ ခုံပေါ်ရောက်‌နှင့်နေလို့ ထိန်းထားပေးတာကို “

” ဟုတ်ပါတယ် ပစ်တိုင်းထောင်ကလဲ … ကုသိုလ်ယူမယ့်နေ့ကို ပစ်တိုင်းထောင်က ဒေါသကရှေ့တန်းချည်းပဲ “

မျက်နှာငယ်လေးနဲ့ ညည်းညည်းညူညူဆိုလာတဲ့ ရွှေဒင်္ဂါးကိုကြည့်ကာ ပစ်တိုင်းထောင်က ခေါင်းနာနာခေါက်ချင်စိတ်ကို မနည်းထိန်းလိုက်ရသည်။ နေပူလွန်း၍ အသားဖြူလှတဲ့ ရွှေဒင်္ဂါးက အလုပ်လုပ်ထားတာကြောင့် မျက်နှာလေးကလည်း ရဲနေသည်။ ပစ်တိုင်းထောင်က စိတ်ရှိလက်ရှိ ဖျစ်ညှစ်ပစ်လိုက်ရင် ခရမ်းချဉ်သီးလေးလို ဗျစ်ခနဲပင်ဖြစ်သွားမည်ထင်သည်။

” ဒါဖြင့်ရင် ခင်ဗျားက ဘောက်မဲ့ကြောင့် အမြင့်ကို တက်လုပ်နေတုန်း … လိုအပ်ရင်လည်း ကျုပ်ကိုခေါ်လေ … အရပ်ကဖြင့် ပုပါတယ်ဆို မမှီမကမ်းနဲ့လုပ်နေတယ် . မသကာ ပြုတ်ကျမှဖြင့် ကျိုးကန်းကုန်ရင် သူကြီးက ရင်ကျိုးဦးမယ် “

သူကြီး ရင်ကျိုးတာကနောက်၊ ကျုပ် ရင်ပူရတာကအရင်ဆိုတဲ့ စကားကိုတော့ ပစ်တိုင်းထောင်က စိတ်ထဲကနေသာ ဆိုမိသည်။ လုပ်ချင်ရာလုပ်နေတဲ့ ရွှေဒင်္ဂါးကတော့ ထုံးစံအတိုင်း ပစ်တိုင်းထောင်ကဆူရင် ပြန်မပြောပဲ မျက်နှာငယ်‌လေးနဲ့။ ပြီးရင် ရွှေဒင်္ဂါးလေးက ပြန်မပြော နားမထောင်ရယ်။

” ဆျာထောင်ကလည်း . ဆျာထောင့်အရပ်ကြီးက မိုးထိုးနေတိုင်း ကိုဒင်္ဂါးကို ပုတယ်မပြောပါနဲ့ … ကိုဒင်္ဂါးကလည်း ရှည်ပါတယ် “

” ဘာပြောတယ် ခွေးပု …! “

” အား …! ဆျာထောင် ! ရိုက်ပြန်ပြီ … ကျွန်တော်ဉာဏ်ထိုင်းသွားရင် ဆျာထောင့်ကြောင့်ပဲနော် . မွေးမေ မွေးပေးလိုက်တုန်းက အကောင်းလေး “

” မင့်က စကားကို ဘာတွေပြောနေတာလဲ . ရွှေဒင်္ဂါးက ဘာရှည်လို့လဲ “

” ဟာ ! အရပ်ရှည်တယ်ပြောတာလေ ဆျာထောင်ကလည်း … သူ့ဘာသူ ဘာထင်လို့ထင်နေမှန်းမသိ “

ခွေးပုက ပစ်တိုင်းထောင်ရဲ့ရိုက်ချက်ကြောင့် နာသွားပုံရတဲ့ နားထင်ကို လက်နဲ့ပွတ်ရင်း မျက်နှာကလည်း ရှုံ့မဲ့မဲ့။ ဒင်္ဂါးကတော့ မတည့်အတူနေ မမြင်ချောင်းကြည့် ဆရာသမားကို ဘေးကနေကြည့်ရင်းလည်း ရယ်ရပြန်သေးသည်။

” အမလေး … ဆရာသမားတို့ . မင်းတို့က ဒီရောက်နေတယ် … ဘာလုပ်နေကြတာလဲ … ဆရာတော်က မင်းနဲ့ ပစ်တိုင်းထောင်ကို ရှာနေတယ် ဒင်္ဂါး “

” သာသနာ့အလံလေးတွေပြုတ်နေလို့ ပြန်ချိတ်နေတာ ကိုဘမော် … ဆရာတော်က အခုခေါ်နေတာလား “

” ဆရာတော်က ဘာလို့ခေါ်နေတာလဲ ကိုဘမော် “

အနားကိုအပြေးရောက်လာတဲ့ ကိုဘမော်ကို ပစ်တိုင်းထောင်နဲ့ ဒင်္ဂါးကမေးတော့ ကိုဘမော်က ခေါင်းကုတ်သည်။

” မသိဘူး မေးနေတာပဲ … သွားသွား အခုသွားချေ … ငါလုပ်ထားလိုက်မယ် . ပြီးရင် ညောင်ရေသွန်းတာကလည်း စတော့မှာကို . သွား “

ကိုဘမော်က ဆရာတော်ကို အတင်းနှင်နေတာကြောင့် ဒင်္ဂါးလည်း ပစ်တိုင်းထောင်ကိုခေါ်ကာ ဘုန်းကြီးကျောင်းဝင်းထဲ ဆရာတော့်ကို ရှာပုံတော်ပြန်ဖွင့်ရပြန်သည်။ ဆရာတော်က ဒင်္ဂါးတို့ကိုရှာ ဒင်္ဂါးတို့က ဆရာတော့်ကို ပြန်ရှာရနဲ့ ဟုတ်နေတော့တာပါပဲ။ ခဏလောက်ပတ်ရှာပြီးတော့ ညောင်ရေသွန်းဖို့ တန်းစီနေကြတဲ့လူတွေနားမှာ ဆရာတော်ကိုတွေ့တာကြောင့် ခပ်သွက်သွက်လျှောက်သွားလိုက်သည်။

” ဆရာတော်ဘုရား … တပည့်တော်တို့ကို ရှာတယ်ဆိုလို့ “

” အေး ဒင်္ဂါး … မိန့်စရာရှိလို့ကွယ် … ပြီးမှပြောလည်းရပေမယ့် ညောင်ရေသွန်းပြီးကြရင် အိမ်ပြန်သွားကြမှာစိုးလို့ ကြိုပြောထားမလို့ “

” ဘာများလဲ ဘုရား “

ဒင်္ဂါးတို့က လူနည်းတဲ့ ညောင်ပင်အကွယ်မှာရပ်ရင်း ဆရာတော့်အရှေ့မှာ လက်အုပ်လေးတွေ ကိုယ်စီချီလို့ ခပ်ရို့ရို့လေး။ ပစ်တိုင်းထောင်ကလည်း ဒင်္ဂါးဘေးမှာရပ်လို့ ငြိမ်နေတာကြောင့် ဒင်္ဂါးကပဲ ဆရာတော်ပြောသမျှကို ပြန်ဖြေရသည်။

” ညောင်ရေသွန်းပွဲပြီးတဲ့အခါ ရွာလုံးကျွတ် ရှင်ပြုနားသ,လည်း လာတော့မှာမလို့ လူကြီးတွေနဲ့ တိုင်ပင်ကြပြီး လူငယ်တွေကလည်း လိုအပ်တာတွေ ဝယ်ခြမ်းကူကြဖို့ပါ … မင့်အဘ သူကြီးကလည်း ဖမ်းမရဘူး … တစ်ရက်လောက် ညခင်းမှာ အစည်းအဝေးခေါ်ကြချေဦး “

” တင်ပါ့ဘုရား … တပည့်တော်က အဘကို ပြောပြလိုက်ပါ့မယ် ဘုရား “

ဆရာတော်က ဒင်္ဂါးကို ခေါင်းတညိတ်ညိတ်လုပ်ပြပြီး အကြည့်လွှဲကာ ဒင်္ဂါးနောက်မှာရပ်နေတဲ့ ပစ်တိုင်းထောင်ကို အကဲခတ်သလိုကြည့်သည်။ ပစ်တိုင်းထောင်ကတော့ ဆရာတော့်ကို မကြည့်သလို ငြိမ်မြဲငြိမ်နေဆဲ။

” မင့်နောက်က ငမိုက်သားကရော လိမ်လိမ်မာမာနေရဲ့လား ဒင်္ဂါး … ဟိုငမိုက်သားရော . ထိပ်တုံးနှစ်ညအခတ်ခံရတာ ဘယ့်နှယ့်နေသလဲ “

‌ဆရာတော့်စကားကြောင့် ဒင်္ဂါးက ကြိတ်ရယ်လိုက်သည်။ ပစ်တိုင်းထောင်ကိုကြည့်လိုက်တော့ ဂျစ်ကန်ကန်ရုပ်နဲ့ ပစ်တိုင်းထောင်က ဆရာတော်ကို မျက်လုံးလှန်ကြည့်သည်။

” တပည့်ဝောာ်တော့ ထိပ်တုံးအခတ်ခံရတာ ဘယ့်နှယ့်နေသလဲတော့ မသိပါဘူး ဘုရား … သူကြီးတို့အိမ်ကတော့ မီးခိုးတိတ်ပဲ ဘုရား . တစ်ရွာလုံးက ဟင်းတွေလာလာပို့ကြလို့ မနည်းတောင် ငြင်းလွှတ်ရတယ်ဘုရား “

” အဲတော့ ထိပ်တုံးခတ်ခံရတာပျော်ရင် ထပ်အခတ်ခံလေ ပစ်တိုင်းထောင် “

” မိစွာနဲ့ မိုက်မိုက်စန်းကိုပါခေါ်ပြီး ရန်ထပ်ဖြစ်ရမှာလား ဘုရား “

” တယ် . ဒီ … “

” ခွိ ~ “

ဆရာတော်က သိက္ခာထိန်းလိုက်သလိုမျိုး တစ်ခွန်းမကျန် ပြန်ပြောနေတဲ့ ပစ်တိုင်းထောင်ကို မျက်စောင်းသာ ခပ်နာနာခဲသည်။ ဒင်္ဂါးကတော့ မနေနိုင်တဲ့အဆုံး ရယ်သံပင်ခပ်ကြိတ်ကြိတ် ထွက်သွားမိသေးသည်။

” အေး . ထပ်ပြီး ရန်ဖြစ်လို့ကတော့ ထိပ်တုံး‌နဲ့တင် မရတော့ဘူး … မင်းရော ရန်ဖြစ်တဲ့လူရော မိစွာနဲ့ မိုက်မိုက်စန်းကိုပါ ကြိမ်လုံးနဲ့ တင်ပါးကို ဆော်ပြီးကာမှ မြို့က ဂတ်ထဲကို ပို့မယ် “

” ဟမ့် … မိစွာနဲ့ မိုက်မိုက်စန်းက အရိုက်ခံဦးမှလေ “

” ဒီကောင် ပြောလေ ကဲလေ … ကြိမ်လုံးဘယ်မလဲ . ဒင်္ဂါးရေ . ကျောင်းပေါ်မယ် ကြိမ်လုံးတက်ယူစမ်း “

” ဆရာတော်ဘုရားနော် … တရားတွေကျ ဟောနေပြီးတော့ ထစ်ခနဲဆို ဒေါသနဲ့ ကြိမ်လုံးဆိုတာချည်းပဲ … တပည့်တော်က အမှန်ပြောတာကို “

လက်အုပ်ချီလို့ တစ်ခွန်းမကျန် ပြန်ခံပက်‌နေတဲ့ ပစ်တိုင်းထောင်ကြောင့် ဆရာတော်က မျက်နှာကြီးရဲတက်လာလာ ကျောင်းဘက်ကို လှည့်ထွက်သွားသည်။ ကြိမ်လုံးသွားယူသလားတော့ မသိပေမယ့် ဒင်္ဂါးကတော့ ပစ်တိုင်းထောင်အစား တင်ပါးပင်ကြိုကြိမ်းသွားသည်။

” ပစ်တိုင်းထောင်ကလည်း … ဒီနေ့ကြီးမှာ ဆရာတော်က ရိုက်အောင် ပြန်ပြောနေတယ် . ဆရာတော်က ကြိမ်လုံးကြီးဆွဲပြီး ကျောင်းပေါ်ကနေ ပြန်ဆင်းလာရင် ဘယ့်နှယ့်လုပ်မလဲ “

” ဘယ့်နှယ့်မှမလုပ်ဘူး . သူကြီးအိမ်ပြန်ပြေးလိုက်မယ် “

” ကြည့် . ပြောလိုက်ရင်လည်း ကန့်လန့် “

” ဟမ့် … ကျုပ်က ခင်ဗျားကိုပြောတာလည်း မဟုတ်ပဲနဲ့ ရွှေဒင်္ဂါးရဲ့ “

နှာခေါင်းရှုံ့သွားတဲ့ ရွှေဒင်္ဂါးကြောင့် ပစ်တိုင်းထောင်မှာ ရုတ်တရက် ကိုယ်တွင်းကလီစာအချို့ ပုရွက်ဆိတ်အကိုက်ခံလိုက်ရသည်။ ရွှေဒင်္ဂါးက ပစ်တိုင်းထောင်ရဲ့ သမာဓိချိန်ခွင်ကို မသိမသာ အလေးခိုးလို့နေချေသည်။ ကိုကိုကြီးနဲ့ မမကြီးပြီးရင် အချစ်ရဆုံးက မိစွာနဲ့ မိုက်မိုက်စန်းအပြင် မရှိတော့ဘူး ထင်ထားခဲ့တာ။

ပစ်တိုင်းထောင်မှာတော့ အကျိုးတွေနည်းလို့ ဘယ်ဟုတ်ပါ့မလဲ။ ပစ်တိုင်းထောင်နှလုံးသားထဲမှာ အမောက်မထောင်တတ်သေးတဲ့နဂါးလေးတစ်ကောင်က ဘယ်အချိန်ကစလို့ ခိုဝင်ကိန်းအောင်းနေနှင့်သည်လည်းမသိတော့ပါ။

>>>>>>>>>>

ဆက်ရန်
Yellowish_One 💛
(၂၇-၄-၂၀၂၄)

ဒီရက်ထဲအလုပ်နည်းနည်းများနေလို့ ကြာသွားတယ်… မျှော်နေကြတဲ့လူတွေကို တောင်းပန်ပါတယ်နော်

Tags: read novel Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၈), novel Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၈), read Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၈) online, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၈) chapter, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၈) high quality, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၁၈) light novel, ,

Comment

Leave a Reply

Chapter 35